Kayan New Generation Youth

ပဲခူးလူငယ် ၂ ဦးပစ်သတ်ခံရမှု နောက်ဆက်တွဲ သတင်းနဲ့ သုံးသပ်ချက်
ပဲခူးမြို့မှာ စနေနေ့ညက နယ်မြေခံစစ်တပ်က သေနတ်နဲ့ ပစ်ခတ်သတ်ဖြတ်ခဲ့မှုကြောင့် လူငယ် ၂ ဦး သေဆုံးခဲ့ပြီး နောက်ပိုင်း လုံခြုံရေး အထူး တင်းကြပ်ထားတယ်လို့ သိရပါတယ်။ သေဆုံးသူ လူငယ်နှစ်ဦးရဲ့ ရုပ်အလောင်းတွေကို လောလော ဆယ် ပဲခူးမြို့ ပြည်သူ့ဆေးရုံကြီး ရင်ခွဲရုံမှာ ထားပြီး မနက်ဖြန်သင်္ဂြိုဟ်ဖို့ စီစဉ်ထားကြောင်း အာဏာပိုင်တွေနဲ့ နီးစပ်သူတွေက ပြောပါတယ်။

ပဲခူးမြို့ ဇိုင်းဂနိုင်းရပ်ကွက်က လူငယ်နှစ်ဦးဖြစ်တဲ့ အသက် ၂၂ နှစ်အရွယ် မောင်အောင်သူဟိန်းနဲ့ အသက် ၁၈ နှစ်အရွယ် မောင်စိုးပိုင်ဇော်တို့ဟာ ပဲခူးမြို့ ခြေလျင်တပ်ရင်း ၅၉က အရာရှိတဦးနဲ့ လက်ဖက်ရည်ဆိုင်မှာ စကားများခဲ့ပြီးနောက် ညသန်းခေါင်ကျော်မှာ သူတို့ရဲ့နေအိမ်ကို အရာရှိနဲ့ တပ်သား ၁ဝ ဦး ရောက်လာပြီး သေနတ်နဲ့ ပစ်ခတ် သတ်ဖြတ်ခဲ့တာလို့ မြို့ခံတွေက ပြောပါတယ်။

အခုလို အပြစ်မဲ့ ပြည်သူနှစ်ဦးကို ဥပဒေမဲ့ ရက်ရက်စက်စက် ကျူးလွန်ခဲ့တဲ့ နယ်မြေခံ စစ်တပ်ရဲ့ လုပ်ရပ်ကို (၈၈) မျိုးဆက်ကျောင်းသားများအဖွဲ့အနေနဲ့ ပြင်းပြင်းထန်ထန် ပြစ်တင်ရှုတ်ချကြောင်း ကျောင်းသားခေါင်းဆောင် တဦးဖြစ်သူ ကိုစိုးထွန်းက ပြောပါတယ်။

“လက်ရှိ ပဲခူးမြို့သူမြို့သားတွေ ခံစားနေရတာ ရေဘေးဒုက္ခပါပဲ။ စားဝတ်နေရေး ကြပ်တည်းမှုက တမျိုး၊ သဘာဝ ဘေးအန္တရာယ်ကတမျိုးနဲ့ လူမှုဒုက္ခ အမျိုးမျိုး ခံစားနေရတဲ့အချိန်မှာ ပြည်သူလူထုကို ကူညီစောင့်ရှောက်ရမယ့် ဒီ တပ်မတော် အစိုးရရဲ့ ဝန်ထမ်းတွေဖြစ်တဲ့၊ ပြည်သူ့ဘဏ္ဍာကို စားသုံးနေကြတဲ့ တပ်မတော်သားတွေက ခုလို လက်နက်အားကိုးပြီး အနိုင်ကျင့်လိုက်တာ တကယ့်ကို မဖြစ်သင့်တဲ့ကိစ္စ ပေါ့ဗျာ။ တရားဥပဒေ စိုးမိုးမှု လုံးဝမရှိဘူး၊ ငါတို့ လုပ်ချင်ရာလုပ်မယ် ဆိုတဲ့ ပုံစံမျိုး ဖြစ်နေတယ်။ ပြည်သူ့ အခွန်ဘဏ္ဍာနဲ့ ဝယ်ပြီးတော့ ပြည်သူကို ကာကွယ်စောင့်ရှောက်ဖို့ တပ်ဆင်ပေးထားတာ ဖြစ်ပါတယ်။ ဒီလုပ်ရပ်ဟာ တရားဥပဒေ စိုးမိုးမှု လုံးဝမရှိဘူးဆိုတာ ပြသလိုက်တာ ဖြစ်တဲ့အတွက် ဒါကို ကျနော်တို့ လုံးဝ ရှုတ်ချတယ်”

စစ်အစိုးရအနေနဲ့ အခုကိစ္စကို ထိထိရောက်ရောက် ကိုင်တွယ်ဆောင်ရွက်ဖို့နဲ့ နောက်နောင် အလားတူ ကိစ္စမျိုးတွေ မပေါ်ပေါက်အောင် ထိန်းသိမ်းဆောင်ရွက်ဖို့ (၈၈) မျိုးဆက် ကျောင်းသားများအဖွဲ့ အနေနဲ့ တိုက်တွန်းကြောင်း ကိုစိုးထွန်းက ပြောပါတယ်။

တချိန်ထဲမှာ အမှုခင်းဖြစ်ပွားတဲ့ ပဲခူးမြို့နယ်ဟာ ပြည်ထောင်စု ဒီမိုကရေစီပါတီ (UDP) က ပါတီဥက္ကဌ ဖြစ်သူ ဦးသိန်းဌေး ကိုယ်စားလှယ်အဖြစ် ရွေးကောက်ပွဲ ယှဉ်ပြိုင်မယ့် မဲဆန္ဒနယ်ဖြစ်လို့ ဒီဖြစ်ရပ်အပေါ် တာဝန်ရှိသူတွေက စုံစမ်းဖော်ထုတ်ပေးဖို့၊ တရားဥပဒေ စိုးမိုးရေးနဲ့ နယ်မြေ အေးချမ်းရေးအတွက် လက်ရှိ အာဏာယူထားတဲ့ ကြံ့ခိုင်ရေးပါတီက ခေါင်းဆောင်ပိုင်းအနေနဲ့ ပူးပေါင်း ဖြေရှင်းပေးဖို့ ယူဒီပီ ပါတီ အလုပ်အမှုဆောင်အဖွဲ့က ဒီကနေ့ ကြေညာချက် ထုတ်ပြန် တောင်းဆိုလိုက်ပါတယ်။

ဒီအကြောင်းတွေနဲ့ ပတ်သက်ပြီး နောက်ဆုံးအခြေအနေကို အာအက်ဖ်အေ ၀ိုင်းတော်သူ မခင်ခင်အိ ဆက်သွယ်မေးမြန်း တင်ပြထားတာကို အပြည့်အစုံ နားဆင်နိုင်ပါတယ်။

ရွေးကောက်ပွဲကိစ္စ တိုင်းရင်းသားခေါင်းဆောင်တွေနဲ့ NLD တွေ့မည်
စစ်အစိုးရ ကျင်းပဖို့ ပြင်နေတဲ့ ရွေးကောက်ပွဲကိစ္စ အပါအ၀င် တိုင်းရင်းသား  လက်နက်ကိုင် အဖွဲ့စည်းတွေရဲ့ အရေး စတဲ့ ဒေါ်အောင်ဆန်းစုကြည်ရဲ့  မှာကြားချက်တွေနဲ့ ပတ်သက်ပြီး ဒီမိုကရေစီရေး ဆောင်ရွက်နေတဲ့ တိုင်းရင်းသား  ခေါင်းဆောင်တွေနဲ့ တွေ့ဆုံဆွေးနွေးဖို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်  ဗဟိုအလုပ်အမှုဆောင် အဖွဲ့က ဒီကနေ့  ဆုံးဖြတ်လိုက်ပါတယ်။

NLD ဒု- ဥက္ကဌ ဦးတင်ဦးနေအိမ်မှာ ဒီကနေ့ကျင်းပတဲ့ ဗဟိုအလုပ်အမှုဆောင်  ကော်မတီ အစည်းအဝေးမှာ အခုလို ဆုံးဖြတ်ချက် ချမှတ်ခဲ့ကြောင်းနဲ့ ဒီ  ဆုံးဖြတ်ချက်တွေကို အကောင်အထည်ဖော်ဖို့ စီစဉ် ဆောင်ရွက်နေကြောင်း  ဗဟိုအလုပ်အမှုဆောင် အဖွဲ့ဝင် ဦးအုန်းကြိုင်က RFA ကို ပြောပါတယ်။

“ဒေါ်အောင်ဆန်းစုကြည်နဲ့  မနေ့တနေ့က သွားတွေ့ခဲ့တဲ့ ဆရာဦးဥာဏ်ဝင်းဆီက မှာကြားချက်တွေ၊  အဖွဲ့ချုပ်လူကြီးများရဲ့ ဆုံးဖြတ်ချက်တွေနဲ့ ပူးပေါင်းပြီးတော့  ထွက်ပေါ်လာတဲ့ ဆုံးဖြတ်ချက်တွေ ဖြစ်ပါတယ်။ ခရီးစဉ်တွေ သွားမယ်၊  ပြည်နယ်တိုင်း ခေါင်းဆောင်တွေနဲ့ တွေ့မယ်၊ အဖွဲ့ဝင်ထုနဲ့ တွေ့မယ်၊  တိုင်းရင်းသား ခေါင်းဆောင်တွေနဲ့ တွေ့မယ်ဆိုတာကို မူအားဖြင့် ကျနော်တို့  ဆုံးဖြတ်လိုက်ပြီ ဖြစ်ပါတယ်။ အသေးစိတ်ကိစ္စတွေကတော့ ဆက်ပြီးစီစဉ်ရအုံးမှာပါ”

ပြီးခဲ့တဲ့အပတ်က  တိုင်းရင်းသားတွေရဲ့ အရေးကိစ္စရပ်တွေ၊ ရွေးကောက်ပွဲဆိုင်ရာ ဥပဒေ ပညာပေးတွေ၊  လူငယ်အရေးတွေနဲ့ ပတ်သက်ပြီး အဖွဲ့ချုပ်ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်က  ရှေ့နေဦးဥာဏ်ဝင်းကတဆင့် အဖွဲ့ဝင်တွေကို မှာကြားခဲ့ပါတယ်။

ဒီ  မှာကြားချက်တွေကို ပါတီဝင်ထုကနေ လူထုကြား ကျယ်ကျယ်ပြန့်ပြန့်  သိရှိနားလည်အောင် ရှင်းလင်း ပြောပြဖို့အတွက် ပြည်နယ် တိုင်းအသီးသီးကို  ခရီးစဉ် စတင်ဖို့ ဆုံးဖြတ်လိုက်တာလို့ သိရပါတယ်။

အဖွဲ့ချုပ်  ခေါင်းဆောင်တွေ၊ အမျိုးသမီးအဖွဲ့ ခေါင်းဆောင်တွေနဲ့ လူငယ်အဖွဲ့တွေရဲ့  ဒီတခေါက်ခရီးစဉ်မှာ နိုင်ငံရေးနဲ့ ပတ်သက်ပြီး အဓိက ဆွေးနွေးမယ့်အကြောင်း  ဦးအုန်းကြိုင်က ဆက်ပြီး ရှင်းပြပါတယ်။

“ဒေါ်အောင်ဆန်းစုကြည်ရဲ့  ပါတီဝင်ထု၊ ပြည်သူထု၊ တိုင်းရင်းသားအရေးနဲ့ ပြောချင်တဲ့  ရွေးကောက်ပွဲဆိုင်ရာ ပညာပေးမှုတွေ၊ သဘောထားတွေကို ကျနော်တို့က ကြေလည်အောင်  ရှင်းပြကြဖို့၊ လူငယ်တွေ တိုင်းရင်းသား ခေါင်းဆောင်တွေနဲ့ ပတ်သက်တဲ့  ရပ်တည်ချက်တွေကို ရှင်းပြဖို့ ဖြစ်ပါတယ်”

NLD ခေါင်းဆောင်တွေရဲ့  ဒီကနေ့ အစည်းအဝေးမှာ လာမယ့် စက်တင်ဘာလ ၂၇ ရက်နေ့မှာ ကျရောက်မယ့် NLD ပါတီ  ထူထောင်တဲ့ နှစ်ပတ်လည်နေ့ အခမ်းအနားကို ဦးတင်ဦးနေအိမ်မှာ ကျင်းပဖို့  အတည်ပြု ဆုံးဖြတ်ခဲ့တယ်လို့လည်း သိရပါတယ်။

ဝေါလေဒေသသို့ နအဖ တပ်အင်အား ဖြည့်ဆည်း
နအဖ တပ်ဖွဲ့ဝင်များပါဝင်သည့် စစ်ကားကြီးများ ဝေါလေဒေသ အခြေစိုက်  ကေအန်အယ်လ်အေတပ်ရင်း (၂၀၁) နှင့် ဒီကေဘီအေတပ်မဟာ (၅) ဒေသများသို့  မြ၀တီမှတဆင့် ထွက်ခွာသွားကြောင်း ကေအန်အယ်လ်အေ တပ်ရင်းမှူးတဦးက  ပြောကြားသည်။

ကေအင်အယ်လ်အေ တပ်ရင်း (၂၀၁) မှ တပ်ရင်းမှူး  ဒု-ဗိုလ်မှူးကြီးဘူးဖောက “ကျနော်တို့ ဒီသတင်းကို ရထားပါတယ်။ မနေ့က  အလုံပိတ်စစ်ကား (၆) စီးနဲ့ သူတို့တပ်အင်အားတွေဖြည့်ပြီး ၀င်လာတာရှိတယ်။  စစ်မက်ဖြစ်ပွားမယ့် အနေအထားတွေရဲ့ အရိပ်အရောင်တော့စလာပြီ။  ကျနော်တို့ဘက်ကတော့ စစ်ရေးသတိအမြဲထားပါတယ်။ အင်အားခြင်းကွာပေမယ့် ခံစစ်ရှင်  ပြောက်ကျားစနစ်နဲ့ ရင်ဆိုင်သွားမှာဖြစ်တယ်” ဟု ပြောသည်။

ဒီကေဘီအေတပ်မဟာ  (၅) မှ တပ်မှူးတဦးကလည်း နယ်ခြားစောင့်တပ်အဖြစ် အသွင်ပြောင်းထားသည့်  ဒီကေဘီအေ တပ်ဖွဲ့ဝင်ဟောင်းများကို အသေခံရှေ့ပြေးထား၍ စစ်ဆင်ရေး စတင်မည်ဟု  ခိုင်လုံသည့်သတင်းများ ရရှိထားကြောင်း ပြောကြားသည်။

၎င်းက  “နအဖကိုမကြိုက်လို့ ကျနော်တို့ အသွင်မပြောင်းဘဲ ဆန့်ကျင်တာပါ။  သူတို့လာတိုက်ရင် ပြန်တိုက်ရမှာပဲ။ နယ်ခြားစောင့်တပ်ရယ်၊ နအဖတပ်ရယ် ဘာမှ  ခွဲနေဖို့မလိုဘူး။ ကိုယ်ဘာလည်းဆိုတာ မသိတဲ့လူတွေကိုလည်း ဘာမှသက်ညာနေစရာ  မလိုဘူး” ဟု ပြောသည်။

စစ်ယာဉ်တန်းများကို တွေ့ရှိသော မြ၀တီမှ  အစိုးရ၀န်ထမ်းတဦးက “တက်သွားတာကတော့ သေချာတယ်။ စစ်ဆင်ရေးကာလလည်း မဟုတ်ဘူး၊  ထူးတော့ အတော့်ကို ထူးတယ်။ မြ၀တီကလူကြီးတွေ ယူဆတာကတော့  ရွေးကောက်ပွဲမတိုင်မီ ဒီဝေါ်လေခွင်ကို အပြီးသိမ်းချင်တာဖြစ်မယ်လို့  ပြောနေကြတယ်။ အဲဒီနေရာတွေမှာ တိုက်ပွဲတွေကလည်း ခဏခဏဖြစ်နေတယ်” ဟု ပြောသည်။

ယင်းဒေသတွင်  အခြေစိုက်ပြီး စစ်ရေးလှုပ်ရှားနေသည့် ကေအန်အယ်လ်အေနှင့် ဒီကေဘီအေတပ်မဟာ (၅)  သည် တရားဝင်ပူးပေါင်းမှု ပြုလုပ်ထားခြင်းမရှိသော်လည်း စစ်ရေးအရ  အပြန်အလှန်နားလည်မှု ယူထားသည်ဟု သိရသည်။

မြ၀တီခရိုင်အတွင်းရှိ  ဝေါ်လေဒေသသည် မြို့၏တောင်ဘက် မိုင် (၃၀) ခန့်အကွာအဝေးတွင် တည်ရှိပြီး  ကေအန်အယ်လ်အေ၊ ဒီကေဘီအေနှင့် စကခ (၈) လက်အောက်ခံ နအဖတပ်များ  စစ်ရေးလှုပ်ရှားရာဒေသဖြစ်ပြီး ထိုင်းနယ်စပ်မျဉ်းအနီးတည်ရှိသည်။

မြဝတီ-မဲဆောက် ဂိတ်ပိတ်ပြန်ပြီး
မြဝတီ-မဲဆောက် သံတား ရက်အကန့် အသတ်မရှိပိတ်ထားလိုက်သည်။ အဲ့ဒီလို့ ပိတ်ထားခြင်းကြောင့် စီးပွားရေးသမားက ဒုက္ခရောက်နေကြသည်။ မြဝတီ-မဲဆောက် သံတား မကအခြား ချောင်းနဲ့ ကူးသွားတဲ့ ဂိတ်လည်း အားလုံးပိတ်ထားလိုက်သည်။ ခါတိုင်းဆို ဂိတ်ကြီးပိတ်ထားသော်လည်း ဂိတ်သေးတော့ဖွင့်ထားတယ်။ ဒီခါကြတော့ မဟုတ်ဘူး (၁) ဂိတ်၊ (၂ )ဂိတ်၊( ၃) ဂိတ် ၊ (DKBA) ဂိတ်၊ ဂိတ်များ အားလုံးပိတ်ထားတယ်။ ဘာကြောင့်ပိတ်ထားသလဲဆိုဒါ သေချာ မသိရပေမဲ့။ ဒေသခံတစ်ဦးက အချင်းချင်းပိုက်ဆံ ဝေးစားမှု့  မညီးမျှကြောင်း ပိတ်လိုက်တယ်လို့ ပြောခဲ့သည်။